၁။ နိဒါန်း
၂။ ဖြစ်ပေါ်လာပုံသမိုင်း
ရခိုင်တစ်မျိုးသားလုံးနှင့် တိုင်းပြည်၏လူငယ်များဆိုင်ရာ လိုအပ်ချက်အရလည်းကောင်း၊ မြောက်ဦးမြို့တော်၏ လူငယ်ထုကို ကိုယ်စားပြုနိုင်ရန်လည်းကောင်း မြောက်ဦးမြို့နယ်ရှိ လူငယ်များကို အစည်းအဝေးခေါ်ယူလျှက် ၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက်၊ တနင်္ဂနွေနေ့တွင် လေးမျက်နှာပုထိုး၏ တောင်ဘက်မျက်နှာရှိ မင်းရာဇာကြီးသိမ်၌ လူငယ်များဖြင့် မြောက်ဦးလူငယ်များအစည်းးအရုံး (Mrauk-U Youths Association-MUYA) ကိုစတင်ဖွဲ့စည်းခဲ့ကြသည်။
၃။ အဖွဲ့အစည်းအမည်၊ နေရာနှင့်ဆိပ်၊ အလံတို့သတ်မှတ်ခြင်းနှင့် ရှင်းလင်းချက် အမည်နှင့်တည်နေရာ
ဤအဖွဲ့အား မြောက်ဦးလူငယ်များအစည်းအရုံး (Mrauk-U Youths Association – MUYA) ဟုခေါ်တွင်ရမည်။ အတိုကောက်အားဖြင့် မြန်မာစာဖြင့် (မလစ) နှင့် အင်္ဂလိပ်စာဖြင့် (MUYA) ဟု ခေါ်ဆိုရေးသားနိုင်သည်။ အဖွဲ့အစည်းတည်နေရာအား ယခုလက်ရှိတွင် မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်၊ မင်းသားကြီးရွှေဘန်းလမ်း၊ အိမ်အမှတ် လ.က.စ (၀၁၆၉) ၌ ထားရှိသည်။
အဖွဲ့တံဆိပ်သည် ဦးခေါင်းတွင် ရခိုင်ဒင်္ဂါးပြားနှင့် ကိုယ်လက်ထဲတွင် အဖြူ၊ အနီ ဒီဇိုင်းတို့ဖြင့် ပေါင်းစပ်ထားသည့် ရခိုင်လူငယ်(၂)ဦးက ထုက္ကံသိမ်ပုထိုးကိုဝိုင်းရံထားသောပုံဖြစ်သည်။
- ထုက္ကံသိမ် – မြောက်ဦးခေတ် ဗိသုကာ၏ အထင်ကရလက်ရာတစ်ခုဖြစ်သည်။
- လူငယ်နှစ်ဦး – အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး မြောက်ဦးမြို့နယ်လူငယ်ထုကို ကိုယ်စားပြုသည်။
- အဖြူအနီ – ရခိုင်အောင်လံကို ကိုယ်စားပြုသည်။
အဖြူအနီ အဓိပ္ပါယ်ဖွင့်ဆိုချက်
အဖြူ – အပေါ်ပိုင်း အဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်သော စိတ်ဓါတ်ရှိခြင်း၊ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မှတ်သော စိတ်ရှိခြင်းနှင့် ဖြူစင်တည်ကြည်စောင့်ထိမ်းအပ်သော ကိုယ်ကျင့်တရားရှိခြင်းတို့ကိုဖော်ဆောင်သည်။
အနီ – အနီရောင်၏သဘောမှာ ရဲရင့်တည်ကြည်သော သတ္တိနှင့် ခိုင်ခံ့တည်ကြည်သော ဇာတိသွေး၊ ဇာတိမာန်ရှိခြင်းတို့ကို အဓိပ္ပါယ်ဆောင်သည်။
အဖွဲ့အလံ
အဖွဲ့၏အလံသည် အနီပေါ်တွင် အဖြူဆင့်ထားသော ရခိုင်အောင်လံ၏နောက်ခံပေါ်တွင် အဖွဲ့၏တံဆိပ်ကို အလယ်ဗဟိုမှ နေရာယူထားသည့် ပုံစံဖြစ်သည်။ အဓိပ္ပါယ်မှာ ရခိုင်လူငယ်များသည် ရခိုင်ပြည်၏ အသည်းနှလုံးတမျှ အရေးကြီးပြီးရခိုင်ပြည်ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် သစ္စာရှိရှိဖြင့် စွမ်းရည်ရှိသလောက် ပါဝင်မည်ဟူသော အဓိပ္ပါယ်ဖြစ်သည်။
၄။ ကြွေးကြော်သံ
“လူငယ်တိုင်းသည် အကျင့်စာရိတ္တကောင်းမွန်ပြီး အတွေးအခေါ်နှင့် ရဲဝံ့စွာ ပြောဆို ပြုမှု ဆက်ဆံနိုင်ရမည်။”
၅။ မျှော်မှန်းချက်
ခေတ်စနစ်ကို ရင်ဘောင်တန်းနိုင်ပြီး အဖွဲ့အစည်းနှင့် နေထိုင်တတ်သော ရခိုင်လူငယ်ထုတစ်ရပ် ပေါ်ပေါက်လာရေးနှင့် ဖြောင့်မှတ်မှန်ကန်ပြီး အကျင့်စာရိတ္တကောင်းမွန်သော မျိုးဆက်သစ်လူငယ် ခေါင်းဆောင်ကောင်းများပေါ်ပေါက်လာရေးကို မျှော်မှန်းသည်။
၆။ ရည်မှန်းချက်
စွမ်းရည်မြှင့်သင်တန်းများ၊ အခြားသောအဖွဲ့အစည်းများနှင့် ကွန်ယက်ချိတ်ဆက် ဆောင်ရွက်မှုများဖြင့် ကောင်းမွန်မှန်ကန်သည့် ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ခြင်းများမှတဆင့် အကျင့်စာရိတ္တကောင်းမွန်သော မျိုးဆက်သစ်လူငယ် ခေါင်းဆောင်ကောင်းများ ပေါ်ပေါက်လာရေးကို ရည်မှန်းသည်။
၇။ ပန်းတိုင်
လူငယ်တို့၏ လိုအပ်ချက်များကို အထိရောက်ဆုံး အထောက်အကူပေးနိုင်သော သင်တန်းများနှင့် လှုပ်ရှားမှုများကို စွမ်းစွမ်းတမံအကောင်အထည်ဖော် ဆောင်ရွက်ပေးမည်။
၈။ ရည်ရွယ်ချက်များ
- (၁) မြောက်ဦးမြို့ပေါ်၌ ခေတ်မီပြီး ရေရှည်တည်တံ့သော စာကြည့်တိုက်ကြီးတစ်ခုပေါ်ပေါက်လာစေရန်။
- (၂) လူငယ်များ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် စွမ်းရည်မြင့်သင်တန်းများ လုပ်ဆောင်ပေးရန်။
- (၃) ရခိုင်လူမျိုးနှင့် ရခိုင်မျိုးနွယ်စုတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်ရန်။
- (၄) သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးကို မိမိအဖွဲ့ဖြင့်သော်လည်းကောင်း၊ မိတ်ဖက်အဖွဲ့အစည်း များဖြင့်သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ရန်။
- (၅) မြောက်ဦးလူငယ်များအစည်းအရုံးသည် မြောက်ဦးလူငယ်ထုကို ကိုယ်စားပြုနိုင်စေရန်။
၉။ လုပ်ငန်းစဉ်များ
- (၁) စာပေဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် ရွေ့လျားစာကြည့်တိုက်ပြုလုပ်ခြင်း။
- (၂) စာအုပ်များ ရှာဖွေစုဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်း။
- (၃) ဆွေးနွေးပွဲ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ စွမ်းရည်မြှင့် စသည့်ပြိုင်ပွဲများပြုလုပ်ပေးခြင်း။
- (၄) အထိမ်းအမှတ်နေ့များတွင် ကဗျာ၊ ပန်းချီနှင့် အားကစားစသည့် ပြိုင်ပွဲများပြုလုပ်ပေးခြင်း။
- (၅) မိမိတို့၏ သမိုင်းဆိုင်ရာ ဗဟုသုတများကို သိရှိစေရန်ပြုလုပ်ခြင်း။
- (၆) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ၊ သစ်ပင်စိုက်ပျိုးခြင်း၊ လူထုကိုအသိပညာပေးလုပ်ငန်းစဉ်များပြုလုပ်ခြင်း။
- (၇) လေ့လာရေးခရီးစဉ်များပြုလုပ်ခြင်း။
- (၈) ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်များပြုလုပ်ခြင်း။